KPICT နောက်ခံအကျဥ်း

ပြည်တွင်းပြည်ပရှိကချင်အဖွဲ့အစည်းများ၏ အစည်းအ၀ေးကြီးကို ၂၀၂၁ ခုနှစ် မတ်လ ၉-၁၁ ရက်အတွင်း ပြုလုပ်ကျင်းပခဲ့ပါသည်။ ဤအစည်းအ၀ေးမှ ကချင်အမျိုးသားများကိုယ်စား ကြားကာလ နိုင်ငံရေးဆိုင်ရာလုပ်ငန်းများကို တာ၀န်ယူညှိနှိုင်းဆောင်ရွက်ရန်အတွက် Kachin Political Interim Coordination Team (KPICT) ကိုဖွဲ့စည်းလိုက်ပါသည်။ KPICT ကို လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းပေါ်တွင်အခြေခံ၍၊ အချုပ်အခြာအာဏာသည် ပြည်သူထံမှ ဆင်းသက်သည်ဖြစ်ကြောင်းခိုင်မာစေရန်၊ အာဏာရှင်စနစ်ကိုအပြီးတိုင်တိုက်ဖျက်ပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်နှင့် နိုင်ငံရေးရည်မှန်းချက်တူညီသော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်သွားရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။​ 

အထူးငွေတိုက်စာချုပ်ရောင်းချခြင်း၏နောက်ခံအကျဥ်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာ့မြေပေါ်မှ အကြမ်းဖက်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းပျောက်ကွယ်ရန်ကြိုးပမ်းရာတွင် ငွေကြေးအထောက်အပံ့များစွာ လိုအပ်လျက်ရှိ ပါသည်။ ထို့ကြောင့် ငွေကြေးဆိုင်ရာလိုအပ်ချက်များကို အချိန်မှီဖြည့်ဆည်းနိုင်ရန် ရှေးရှုကာ နို၀င်ဘာလ ၂၂ ရက် ၂၀၂၁ခုနှစ် မှစတင်၍ အထူးငွေတိုက်စာချုပ်များအား ပြည်သူလူထုထံသို့ ဖြန့်၀ေ ရောင်းချလျက်ရှိပါသည်။ 

KPICT အနေဖြင့် ရပ်တည်ချက်တူညီသော အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းစဥ်များ တွင်ပါ၀င်ကူညီသောအားဖြင့် ကချင်ဒေသအတွင်း ဤအထူးငွေတိုက်စာချုပ်ကို တာ၀န်ယူရောင်းချ ရခြင်းဖြစ်သည်။ 

ငွေတိုက်စာချုပ်၀ယ်ယူသူများအတွက်သိထားသင့်သည့်အချက်အလက်များ

စည်းကမ်းနှင့်သတ်မှတ်ချက်များ

  • ငွေတိုက်စာချုပ်များ၏ တန်ဖိုးကို အမေရိကန်ဒေါ်လာငွေဖြင့် သတ်မှတ်သည်။
  • ငွေတိုက်စာချုပ်များ၏ တန်ဖိုးသည် ဒေါ်လာငွေ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ ဟု အသီးသီးသတ်မှတ်သည်။
  • ငွေတိုက်စာချုပ်များ၏ အတိုးရာခိုင်နှုန်းကို 0% (အတိုးမဲ့)ဟု သတ်မှတ်သည်။
  • ငွေတိုက်စာချုပ်များကို အစိုးရက ဝယ်ယူလိုသူများလက်သို့ ရောင်းနှံရာတွင် သတ်မှတ်ထားသည့် တရားဝင်တန်ဖိုး အတိုင်းသာရောင်းချသွားမည်ဖြစ်ပြီး သာမန်အခြားအတိုးမဲ့ငွေတိုက်စာချုပ်များ ကဲ့သို့ လျှော့ဈေးဖြင့် ဈေးလျှော့ရောင်းချပေးခြင်းပြုမည်မဟုတ်ပါ။
  • ငွေတိုက်စာချုပ်သည် ထုတ်သည့်နေ့မှ (၂)နှစ်အကြာတွင် သက်တမ်းကုန်ဆုံးမည်။
  • ငွေတိုက်စာချုပ်များကို သက်တမ်းမကုန်ခင် လွှဲပြောင်းရောင်းချခွင့် မပြုပါ။
  • သက်တမ်းကုန်ချိန်တွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းတို့ကို ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

အထူးငွေတိုက်စာချုပ်၀ယ်ယူခြင်း နည်းလမ်းများ

  • KPICT မှတရား၀င် သတ်မှတ်ထားသော ပြည်တွင်းပြည်ပ ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ် (Bond Agent) များထံတွင်၀ယ်ယူနိုင်ပါသည်။ (သို့မဟုတ်) KPICT ရုံးသို့တိုက်ရိုက်ဆက်သွယ်၀ယ်ယူနိုင်သည်။ 
  • အထူးငွေတိုက်စာချုပ်၀ယ်ယူရာတွင် ပြင်ဆင်ထားရမည့် အချက်အလက်များ 
    • အမည်
    • မှတ်ပုံတင်နံပါတ်
    • မွေးသက္ကရာဇ်
    • Email/phone 
    • အမွေဆက်ခံမည့်သူ (အမည်၊ တော်စပ်ပုံ နှင့် ဆက်သွယ်ရန်) 

ငွေပေးချေမှုစနစ်များ

  • မိမိနှင့်နီးစပ်ရာ KIO ဘဏ်များတွင် ပေးချေနိုင်သည်။ 
  • KPICT ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ်များမှ တဆင့်ပေးချေနိုင်သည်။
  • KPICT ရုံးသို့ တိုက်ရိုက်ဆက်သွယ်ပေးချေနိုင်သည်။ 
  • ပြည်ပမှ၀ယ်ယူသူများအနေဖြင့် KPICT ဘဏ်အကောင့်သို့တိုက်ရိုက်ပေးချေနိုင်သည်။
  • အသေးစိတ်အချက်အလက်များအတွက် ‘ဆက်သွယ်ရန်’ မှတဆင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင် ပါသည်။ https://www.facebook.com/KachinPICT/
ငွေတိုက်စာချုပ်ပေးပို့ခြင်း
  • အမျိုးသားညီညွတ်ရေးအစိုးရစီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနနှင့် KPICT မှ လက်ခံရရှိငွေကို စစ်ဆေးပြီးနောက် လူကြီးမင်း ၀ယ်ယူထားသော ငွေတိုက်စာချုပ်ကို တစ်လ အတွင်း ပို့ပေးမည်ဖြစ်ပါသည်၊၊
  • ၎င်းစာချုပ်သည် ငွေပြန်လည်ထုတ်ယူရန် လူကြီးမင်း၏ တစ်ခုတည်းသော သက်သေ အထောက်အထားမှတ်တမ်းဖြစ်သည့်အတွက် သေချာစွာ သိမ်းဆည်းထားရန် လိုအပ်ပါသည်၊၊